ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်နှစ်ပေါင်းများစွာ ပရိတ်သတ်အားပေးချစ်ခင်မှုကိုရရှိထားတဲ့ အကယ်ဒမီခိုင်သင်းကြည် ဟာ သူ့ရဲ့ ဘ၀ကို ပျော်ပျော်လေးနဲ့ဖြတ်သန်းချင်တဲ့အတွက် ဟာသကားတွေရိုက်နေရရင်ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။ ပရိတ်သတ်က မခိုင်လေးလို့ ချစ်စနိုးနဲ့ခေါ်ဆိုလေ့ရှိတဲ့ ခိုင်သင်းကြည်ဟာ ဇွန် ၂၇ ရက်မှာ ရုံတင်တော့မယ့် စိန်ဂေါ်လီ မယောက်ကျားဆိုတဲ့ ဟာသဇာတ်မြူးဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကား က ဟာသကားစစ်စစ်ကြိုက်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းတဲ့ဇာတ်ကားဖြစ်လာမယ်လို့ဆိုပါတယ်။

“ဒီဇာတ်ကားက ဟာသကားစစ်စစ်ပါ။ ဒီမှာကလည်း ဘယ်လိုခေါ်မလဲ မြန်မာပြည်မှာကလဲ ဟာသစစ်စစ်ကို ကြိုက်တဲ့ ပရိတ်သတ် ကလည်းသက်သက်ရှိတယ်။ သူတို့ရဲ့စိတ်တွေ အလုပ်တွေမှာ အရမ်းကိုစိတ်ဖိစီးလာရင် ဒီလိုမျိုးကားတွေ ကြည့်ရင် သူတို့ အတွက် အရမ်းကိုစိတ်ပေါ့ပါးသွားတာပေါ့နော်။ တကယ့် ဒရမ်မာတွေကျတော့လည်း ကြည့်ရတာတန်ပါတယ်။ ဒါပေမယ့် ဒီကားလိုမျိုး စိတ်ပေါ့ပါး သွားတာမျိုးတော့မဖြစ်ဘူးပေါ့ “ လို့ မခိုင်လေးကဆိုပါတယ်။

ဒါ့အပြင် ဒရမ်မာကားတွေလည်းရိုက်ပေမယ့် ဟာသကားတွေပိုရိုက်ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဘ၀ကို ဘယ်လိုဖြတ်သန်း ချင်လဲဆိုတာနဲ့ပတ်သက်ပြီး ခိုင်သင်းကြည်ကအခုလိုပြောသွားပါတယ်။

“ပျော်ပျော်လေးပဲဘ၀ကိုဖြတ်သန်းချင်ပါတယ်။ မခိုင် ဒရမ်မာကားတွေဘာတွေပိုရိုက်ချင်ပေမယ့်လည်း ဟာသကားလေးတွေ ရိုက်ရတဲ့အတွက်ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဟာသကားတွေရိုက်နေရတော့ ရိုက်ရင်းနဲ့ပျော်နေရတာ လေ။  စိတ်မညစ်ရဘူးပေါ့။ကိုယ့်မိသားစုနဲ့ကိုယ်ပျော်ရွှင်ရသလို အလုပ်လုပ်တော့လည်း ပျော်တဲ့ကားတွေပဲရိုက်နေရတာဆိုတော့ စိတ်ဖိစီးမှု မရှိဘူးပေါ့နော်။ စိန်ဂေါ်လီမယောက်ကျား ဇာတ်ကားက ဒီလ ၂၇က်နေ့ဆိုရင် ရုံတင်တော့မှာပါဒီကားမှာမခိုင်လေးနဲ့မဂွမ်းလေး အပီအပြင်ကဲထား ပါတယ်။ တောက်လျှောက်တစ်ကားလုံးနီးပါး သူနဲ့ကိုယ်နဲ့ အတွဲညီညီသရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက ဟာသကားကြိုက် တဲ့ သူတွေအတွက်ဟာသကားစစ်စစ်ပါ။ ကြည့်လိုက်ရင်စိတ်အမောပြေသွားမယ် အရမ်းလည်းရယ်ရမယ် ဆိုတာ မခိုင်လေး ယုံကြည်ပါတယ် “ လို့ မခိုင်လေးက ဆိုပါတယ်။