အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအ၀င် အင်္ဂလန်အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ရာသီပြီးဆုံးတဲ့အထိကျင်းပပြုလုပ်သွားမယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် လိုက်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို ဧပြီ ၃၀ ရက်နေ့ အထိ နောက်ဆုတ်လိုက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေပေါ်မူတည်ပြီး ပြန်လည်ကစားမယ့်နေ့ကိုဆုံးဖြတ်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ စည်းမျဉ်းစည်းကမ်းများအရ ဘောလုံးရာသီဟာ ဇွန်လ တစ်ရက်နေ့အထိနောက်မကျဘဲ အဆုံးသတ်ရမှာဖြစ်ပြီးတော့ ပြည်တွင်းဘောလုံးပြိုင်ပွဲတိုင်းဟာ ဘောလုံးအဖွဲ့ချုပ်ကသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတွင်းမှာပဲ ဘောလုံးရာသီကို အဆုံးသတ်ရမယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဇွန်လ ၁ရက်နေ့အထိ ပြိုင်ပွဲကိုဆက်လက် ရွှေ့ဆိုင်းဖို့အတွက်သဘောတူခဲ့တာဖြစ်ပါတယ်။

FA ရဲ့ သတင်းထုတ်ပြန်ထဲမှာ “ Covid-19 အခြေအနေတိုးတက်မှုမှာ မရေရာမသေချာသေးတဲ့အတွက် ကစားသမားတွေ ၀န်ထမ်းတွေနဲ့ ပရိတ်သတ်တွေရဲ့ ကျန်းမာရေးကို ကျွန်ုပ်တို့အနေနဲ့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အကြံပေးမှုအတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ အခြေအနေတွေကိုပြန်လည်သုံးသပ်ပြီး အစိုးရက ခွင့်ပြုတဲ့အခါမှာတော့ ဘောလုံးပြိုင်ပွဲတွေပြန်လည်စတင်ဖို့နည်းလမ်းတွေကိုရှာဖွေဖို့အတွက် အတူတကွပူးပေါင်း လုပ် ဆောင်သွားမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲက ဆက်ကစားဖို့ဆုံးဖြတ်လိုက်တာကြောင့် လီပါဗူးအသင်းအနေနဲ့ အမှတ်ပေးဖလားကို နှစ်ပေါင်း ၃၀အတွင်းရရှိဖို့အတွက် သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် အဆိုးထဲက အကောင်း ဖြစ်လာမှာပါ။ ရာသီဖျက်သိမ်းမှာကိုစိုးရိမ်နေတဲ့ လီပါဗူးပရိတ်သတ်တွေအနေနဲ့ ပျော်လို့ရပြီဖြစ်ကြောင်း Myanmar Live က အသိပေးလိုက်ပါတယ်။