MOU အေဂျင်စီ (၇)ခုနှင့် ထိုင်းမှပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကြား အငြင်းပွား မှုဖြေရှင်းပေးရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ယနေ့ (ဒီဇင်ဘာ ၅ ရက်)တွင် တိုင်ကြား ထားကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

“အလုပ်သမား ၇၀ ကျော်က နစ်နာမှုတွေအတွက် တိုင်ကြားတာ ဖြစ်ပါတယ်။ ညှိနှိုင်းပေမယ့်လည်း အဆင်မပြေ တာပါ။ လာညှိတဲ့ အေဂျင်စီ ၁၀ ခုမှာ အေဂျင်စီ သုံးခုလောက်ကတော့ ညှိနှိုင်းလိုက်တာ အဆင်ပြေသွားပါတယ်” ဟု အလုပ်သမားများဘက်မှ ကူညီဆောင်ရွက်သူ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံသို့ MOU အေဂျင်စီများမှတဆင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြသည့် မြန်မာအလုပ်သမား (၇၀)ကျော်သည် စာချုပ်ပါစည်းကမ်းများ ချိုးဖောက်ခံရခြင်း၊ အလုပ်နေရာပြောင်းရွှေ့ခံရခြင်း၊လုပ်အားခမရရှိခြင်းတို့ကြောင့် ယခုလိုတိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“အဆင်မပြေတဲ့ အလုပ်သမားတွေကတော့ တိုင်ကြားစာရေးတယ်။ တောင်လုံးကြီးစခန်းကနေ နေပြည်တော်ကို ထပ်တင်တယ်ပေါ့။ ပြီးရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား စစ်ဆေးရေးအဖွဲ့တွေ လာမှာပါ” ဟု ဆိုသည်။

အဆိုပါအလုပ်သမားများသည် လက်ရှိတွင် မြဝတီမြို့၊ AAC ဂေဟာ၌ ခိုလှုံနေကြောင်း သိရသည်။

အချက်အလက်နှင့်ဓာတ်ပုံအတွက်ကျေးဇူတင်ပါသည် : The Standard time, ကိုရဲမင်း(AAC), The Standard Daily