အသက်တစ်လနှင့် ရှစ်ရက်သားအရွယ် ကလေးငယ်၏ အလောင်းကို ဖျောက်ဖျက်ခဲ့သူ မိဘနှစ်ဦးအား နိုဝင်ဘာ ၅ရက်တွင် လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း ပဲခူးမြို့၊ အမှတ် (၂)နယ်မြေရဲစခန်း မှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်က ည ၉နာရီခွဲခန့်က ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်း ပိုင်း၊ မီးရထားသံလမ်းဘေးရှိ ကိုင်းတောထဲတွင် ကလေးအလောင်းတစ်လောင်းအား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှ လာရောက်စွန့်ပစ်သွားကြောင်း ဇိုင်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၏အကြောင်းကြားကြားချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ခန္ဓာကိုယ်အား ပုဆိုးဖြင့်ထုပ်ထားသော အသက်တစ်လနှင့် ရှစ်ရက် ခန့်ရှိ ယောက်ျားလေးတစ်ဦး၏ အလောင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ရဲ့တပ်ဖွဲ့မှ စစ်ဆေးချက်အရ ကလေးမိဘများသည် ၎င်းတို့၏ ဦးလေးဖြစ်သူထံသွားရောက်ရာ ကလေးငယ်အား  ဖခင်ဖြစ်သူ ဦးသက်လင်းမှ ပုဆိုးဖြင့်ထုတ်၍ ကျောပိုးလွယ်ကာခေါ်ဆောင်လာစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း နှင့် ကလေးငယ်အလောင်း အား ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ကြေး နန်းမိုင်တိုင်အမှတ် (၅၂ နှင့် ၅၃) အကြားတွင် မဇင်မာအေးမှ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးထွက် ဆိုခဲ့သည်။ 

သို့သော် ကလေးငယ်၏အလောင်းအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ ပို့အပ်ပြီး ဆေးစာထင်မြင်ချက်တောင်း ခံခဲ့ရာ မှုခင်းဆရာဝန်(ပဲခူးဆေးရုံကြီး)မှ ဦးခေါင်းတွင် ရရှိသောဒဏ်ရာကြောင့် ဦးခေါင်းခွံရိုး ချိုင့်ဝင်ကျိုးခြင်း၊ ဦးနှောက်အမှေးပါး သွေးသွန်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၅ရက်တွင်  ဆေးစာထင်မြင် ချက်ပြန်ကြားလာခဲ့သည်။

ထို့ကြောင့် အမှုမှ ကျူးလွန်သူနှစ်ဦးအား ထပ်မံစစ်ဆေးရာ မိခင်ဖြစ်သူက ဖယောင်းတိုင်ဝယ်ရန်  နေအိမ်တဲမှ ထွက်လာ၍ ကလေးငယ်အား ကလေး၏ဖခင်နှင့်အတူထားခဲ့ကြောင်း၊ဖခင်မှ အရက်သောက်နေစဉ် ကလေး ငိုသဖြင့် ကလေးဦးခေါင်းအားကိုင်၍ကြမ်းခင်းနှင့်ကိုင်ဆောင့်ပြီး လွှင့်ပစ်ခဲ့ရာ ကလေးမှာ သစ်သားတိုင်နှင့် ဆောင့်မိကာ ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးအလောင်းအား မိဘနှစ်ဦးတို့မှ  သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အမှုမှကျူးလွန်သူ သက်လင်းပါ (၂)ဦးအားရာဇသတ်ကြီးပုဒ်မ (၃၀၄-က/၃၁၈ မှ ၃၀၂/၃၁၈) (လူသတ်မှု/ကလေးအလောင်း ဖျောက်ဖျက်မှု) သို့ ပြောင်းလဲဖွင့်လှစ် အရေးယူထားကြောင်း

အချက်အလက်နှင့်ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : The Standard Time Daily