ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို  ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင်  တာချီလိတ်လေဆိပ်မှတစ်ဆင့်  သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် မန္တလေးလေဆိပ်သို့ ခေါ်ဆောင်သွားပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင်း တိမ်းရှောင်နေသည့် ဦးစိုးထွန်းရှိန်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၌  ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ဘက်မှ မော်တော်ယာဉ်(၂)စီးဖြင့် ခေါ်ဆောင်လာရာ တာချီလိတ်မြို့ရှိ မြန်မာ – ထိုင်း  ချစ်ကြည်ရေး တံတား အမှတ် (၂)ထိပ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ဦးစီးသည့် မြန်မာရဲတပ်ဖွဲ့ရဲကား(၄)စီးဖြင့် အသင့်စောင့်ကြိုကာ ဆက်လက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင်  ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့ပြီးရွှေခြောက်တန်ခန့် ထုတ်နိုင်ခဲ့သော်လည်း နိုင်ငံ တော်သို့ပေးရန် ကြွေးကျန် ရွှေ ပိဿာချိန် ၁,၂၇၀ ကိုပေးဆောင်ခြင်း မပြုသည့်အပြင် ရွှေတူးဖော်ခြင်း ဆက်လက်လုပ်ကိုင်သဖြင့် ရမည်သင်း မြို့ မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။ 

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော် ၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်း ရဲတပ်ဖွဲ့က ကြေညာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌တွေ့ရကြောင်း Myanmar Now သတင်း ဌာနက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလအတွင်း သတင်းဓာတ်ပုံများနှင့် ဖော်ပြပြီးနောက်၎င်းအားရှာဖွေဖမ်း ဆီးရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး  ပြောခွင့်ရအရာရှိ က ပြောကြားခဲ့ခြင်းဖြစ်သည်။

အချက်အလက်များနှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Tachileik News Agency