လူငယ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Now & Ever (ထာဝရနှောင်ကြိုး) ဇာတ်ကားကို World Premiere Show  ပြုလုပ်ခဲ့ပြီး လာမယ့် အောက်တိုဘာ ၃၁ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ပရိတ်သတ်တွေကြားမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး ရုံမတင် ခင်ကတည်းစိတ်ဝင်စားမှုရရှိခဲ့တဲ့ရုပ်ရှင်ကားတစ်ကားလည်းဖြစ်လာပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်တင်မကဘဲ ဇာတ်ညွှန်း၊တေးဂီတပိုင်းဆိုင်ရာမှာ ဖန်တီးထားတဲ့ သရုပ်ဆောင် ဇာဏ်ခီကတော့ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်ကိုအခုလိုဖွင့်ဟသွားပါတယ်။

‘’ကျနော်က သရုပ်ဆောင်သက်သက်မဟုတ်ဘူးပေါ့နော်။ဇာတ်ညွှန်းရေးတယ် မြူးဇစ်ကျနော်လုပ်တယ် အသံမှာလည်း ကျနော်ပူးပေါင်းလုပ်တယ်။ Editing မှာလည်းကျနော်ပါဝင်ပက်သက်မှုရှိပါတယ်။ ဆိုတော့ ကျနော်အခေါက်ပေါင်းမနည်း တော့ဘူးကြည့်ရတာ။ ဒါပေမယ့်ပရိတ်သတ်နဲ့အတူတူထိုင်ပြီးကြည့်ရတဲ့အခါမှာတော့ ရင်ခုန်မှုတစ်မျိုးပြန်ဖြစ်တယ်။အစကနေအဆုံးထိပြန်ပြီးရင်ခုန်နေရတယ် ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့စိတ်နဲ့ပေါ့”

လို့ ဇဏ်ခီကဆိုပါတယ်။ ဒီထာဝရနှောင်ကြိုးဇာတ်ကားကိုတတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပြီးတော့ သူ့အနေနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီကို ဒီဇာတ်ကားကိုပြီးဆုံးအောင်လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူလေးစားမိကြောင်းလည်း ဆိုပါတယ်။

‘’ ဒီဇာတ်ကကျနော်စရေးကတည်းက ဇာတ်ကောင်တွေကိုကျနော်စိတ်ပူနေတယ် ဖြစ်မှဖြစ်နိုင်ပါ့မလား ကျနော်တို့လုပ်နိုင်ပါ့ မလားအထူးသဖြင့်ကိုယ့်ကိုကိုယ်လည်းထင်မိတယ်ပေါ့နော်.ဒါပေမယ့်လည်း ဒီအလုပ်တစ်ခုကိုကျနော်ယူလိုက်ပြီဆိုက တည်းကကျနော်လုပ်ဖြစ်ပါတယ်။ ကျနော့်နောက်မှာလူတွေအများကြီးရှိတယ် အဖွဲ့လိုက်လုပ်ကြတာဆိုတော့ အတတ်နိုင် ဆုံးအကောင်းဆုံးလုပ်ထားပါတယ်။ ဇာတ်တစ်ခုမှာ ခရစ်က ပဲ့ကိုင်ရှင်ဖြစ်တယ် စာစကားဆိုတော့ လူတွေက ရုတ်တရက်တွေးမိမှာမဟုတ်ဘူး ရုပ်ရှင်တစ်ခုမှာ ပါဝင်တဲ့အရာတွေအများကြီးရှိတယ်။ ဂီတရှိတယ်။ သရုပ်ဆောင်ရှိတယ်။ ရိုက်ကူးရေးရှိတယ် တည်းဖြတ်ရှိတယ် မျိုးစုံကိုရှိတယ်။ အဲ့ဒီထဲမှာဇာတ်ကမကောင်းတည့်တိုင်အောင် ကင်မရာသမားက သူ့ရိုက်ချက်တွေကောင်းရင် သူ့ခရစ်ဒစ် တွေကိုဆွဲယူသွားလို့ရတယ်။ အဲ့ဒီလိုပဲကဏ္ဍမျိုးစုံကလူတွေကလည်းဒီလိုပဲ။ ဒါရိုက်တာကတော့ အဲ့လိုမဟုတ်ဘူး တစ်ခုခုမကောင်းတာနဲ့ဒါရိုက်တာပဲ။ ဒီလိုဝိတ်ကြီးကိုထမ်းပြီး ခရစ်က ပြီးအောင်လုပ်သွားနိုင် တဲ့အတွက် သူ့ကို လေးစားပါတယ်။ တကယ်လုပ်နိုင်လို့လည်းသူ့အတွက်ကျနော်ဂုဏ်ယူတယ် ‘’ လို့ ဇဏ်ခီကဆိုပါတယ်။ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပြီး ဇဏ်ခီနဲ့ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကား အောက်တိုဘာ ၃၁ ရက်မှာ စတင်ပြီးတော့ ရုံတင်သွားမှာဖြစ်ပါတယ်။